စတူဒီယိုချန်းဆောင်ရွက်ပုံနည်းလမ်းများ
စတူဒီယိုချန်းသည် ကလေးငယ်များ၏ ဖွံ့ဖြိုးမှုအတွက် အနုပညာအား ကိရိယာတစ်ခုအဖြစ် အသုံးပြုခြင်း ဖြစ်ပါသည်။ စတူဒီယိုချန်းသည် မိမိရင်သွေး ဖွံ့ဖြိုးတိုးတက်မှုကို မြင်လိုသော၊ အနုပညာအာရုံခံစားမှုနှင့် ရသခံစားမှုတို့ကို ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာ ဖော်ထုတ်လိုသော၊ တိုးတက်လိုသော လူထုအလွှာမျိုးစုံမှ မိဘများ၊ ကလေးများနှင့် လုပ်ကိုင်ခြင်း ဖြစ်ပါသည်။ ကလေးငယ်များ၏ စိတ်ကူးစိတ်သန်းများကို အားပေးရန်၊ မိမိကိုယ်ကို ယုံကြည်မှုအား ပြုစုပျိုးထောင်ပေး ရန်နှင့် ဘ၀အတွေ့အကြုံများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ရသောအခါ ခံစားချက်များ ဟန်ချက်ညီနိုင်ရေးအတွက် ကူညီတည်ဆောက်ပေးရန် ရည်ရွယ်ပါသည်။
အနုပညာလေ့ကျင့်မှုမှ ကလေးငယ်များ၊ လူငယ်များအား အကျိုးသက်ရောက်ပုံ နည်းလမ်းများကို တွေ့ကြုံ လေ့လာခြင်းအားဖြင့် အနုပညာသည် ဘာသာစကားတစ်ခု၊ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခု၊ တစ်ဦးတစ်ယောက် ဖွံ့ဖြိုးတိုးတက်မှု၏ ကိရိယာတစ်ခုဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ငယ်စဉ် ကလေးဘ၀မှစ၍ အနုပညာကို လေ့ကျင့်လာပါက ၄င်းလေ့ကျင့်မှုသည် အခြားကျွမ်းကျင်မှုများ၊ ဘာသာရပ်များကို လေ့လာရာတွင် အထောက်အကူပြုသကဲ့သို့ မိမိကိုယ်ကိုလည်း ပိုမိုသိမြင် နားလည်နိုင်စေသောကြောင့် တစ်ဦးချင်းစီ၏ စွမ်းရည် မြင့်မားလာနိုင်ခြင်း ဖြစ်ပါသည်။
ရွှေ့ပြောင်းကလေးငယ်များအတွက် အနုပညာစီမံကိန်းသည် ထိုနည်းအတိုင်းပင် ဖြစ်သော်လည်း ပိုမိုတိကျသော ချည်းကပ်နည်းများ ရှိလေသည်။ AMCPစီမံကိန်းသည် အဓိကအားဖြင့် မြန်မာပြည်မှ ရွှေ့ပြောင်းကလေးများနှင့် ဒုက္ခသည်ကလေးငယ်များအား အနုပညာသင်ကြားပေးခြင်း ဖြစ်သည်။ သို့သော်လည်း ဤစီမံကိန်းတွင် အခွင့်ထူးခံ မဟုတ်သော မည်သည့်ကလေးငယ်မဆို အကျုံးဝင်လေသည်။ ဤစီမံကိန်း၏ ရည်ရွယ်ချက်မှာ ရွှေ့ပြောင်း ကလေးငယ်များအနေဖြင့် မိမိတို့၏ နေထိုင်မှု၊ အလုပ်အကိုင် အခြေအနေများ တိုးတက်ရေးအတွက် ရွှေ့ပြောင်း မဟုတ်သောသူများနည်းတူ တူညီသော လုပ်နိုင်စွမ်းများ၊ စွမ်းရည်များအပြည့်ဖြင့် ရှင်သန်နိုင်ရန် ဖြစ်လေသည်။ ကျွန်ုပ်တို့၏ အလုပ်အား ဦးဆောင်လမ်းပြပေးနေသော အဓိကတန်ဖိုးကြီးလေးခု ရှိပါသည်။ ပထမဦးစွာ အသွေးအရောင်စုံ ယဉ်ကျေးမှုအား ပျိုးထောင်ပေးခြင်းနှင့် ကလေးငယ်တို့၏ ယဉ်ကျေးမှုဆိုင်ရာ၊ ဘာသာစကားဆိုင်ရာ နောက်ခံများအား အရှိအတိုင်း လေးစားခြင်းကို ကျွန်ုပ်တို့ယုံကြည်ပါသည်။ ဒုတိယအားဖြင့် ရွှေ့ပြောင်းကလေးငယ်များသည် ရွှေ့ပြောင်း မဟုတ်သောသူများနည်းတူ ပညာသင်ကြားရန် အခွင့်အလမ်းများ တူညီစွာ ရရှိနိုင်ရမည်ဟု ကျွန်ုပ်တို့ ယုံကြည်လေသည်။ တတိယအားဖြင့် လိင်၊ ကိုးကွယ်သည့်ဘာသာ၊ လူမျိုး၊ အလွှာနှင့် တရားဝင်မှတ်ပုံတင်ထားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နိုင်ရန် အခွင့်အလမ်းနှင့် စွမ်းရည်များမှာ ကလေးငယ်များအားလုံး အတူတူပင်ဖြစ်သည်ကို ကျွန်ုပ်တို့ ယုံကြည်ပါသည်။ နောက်ဆုံးအနေဖြင့် ကလေးငယ်များ အချင်းချင်းဖြစ်စေ၊ ကလေး တစ်ဦးချင်းစီအားဖြစ်စေ စကားအရသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း အကြမ်းမဖက် ချည်းကပ်နည်းသည် ကလေးငယ်တို့၏ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးရှိစေသကဲ့သို့ အနာဂတ်တွင် ပဋိပက္ခများအား အကြမ်းမဖက်ဘဲ ဖြေရှင်းနိုင်ရန်လည်း အားပေးရာရောက်သည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။